Skip to main content

Command Palette

Search for a command to run...

အကြပ်အတည်းအတွင်း ဒေတာများ

Updated
3 min read
အကြပ်အတည်းအတွင်း ဒေတာများ

အရေးပေါ် အခြေအနေတစ်ခု ကြုံရတဲ့အခါ အချက်အလက် ပေါက်ကြားတာကြောင့် အခြေအနေ ပိုမဆိုးရအောင် ကြိုတင်ပြင်ဆင်ထားနိုင်ဖို အလွန်အရေးကြီးပါတယ်။ပြင်ဆင်ရာမှာ အခြေအနေ သုံးမျိုးအတွက် ပြင်ဆင်ရန် လိုအပ်ပါတယ်။

  1. အရေးပေါ်မကျရောက်မီအတွက် ပြင်ဆင်ခြင်း

  2. အရေးပေါ်ကျရောက်စဉ်အတွက် ပြင်ဆင်ခြင်း

  3. အရေးပေါ်ကျရောက်ပြီးနောက်အတွက် ပြင်ဆင်ခြင်း တို့ဖြစ်ပါတယ်။

ဒါတွေကိုအသေးစိတ်သိရအောင် မျှဝေပေးလိုက်ရပါတယ်

အကြပ်အတည်းအတွင်း ဒေတာများ

ဧည့်စာရင်းစစ်တာ၊ လမ်းမှာစစ်ဆေးခံရတာ ဒါမှမဟုတ် အရေးပေါ်အခြေအနေအရ ရှောင်တိမ်းရတာ စသည့် အခြေအနေများနဲ့ ကြုံတွေ့လာရပါက ကိုယ်တွင်သိမ်းဆည်းထားသော အချက်အလက်များ ပေါက်ကြားခြင်းမရှိစေရန် လက်ရှိအချိန်တွင် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

ထိုထဲတွင် အရေးပေါ်အခြေအနေကြုံပြီဆိုရင် ထိရှလွယ်သော အကြောင်းအရာများနှင့်တကွ တွေ့ရှိခြင်း မဖြစ်စေရန် အချက်အလက်များအား အချိန်တိုအတွင်း ဖျက်စည်းခြင်းလည်း ပါဝင်ပါသည်။ သတင်းအချက်အလက် ပေါက်ကြားမှုဟာလည်း အင်မတန်အရေးကြီးသလို မိမိမှာရှိသော ဓာတ်ပုံ၊ ဗီဒီယို၊စကရင်ရှော့ စတာတွေ တစ်ခုခုကြောင့် သက်သေရရှိသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ပြင်ဆင်ရမှာ အခြေအနေ ၃ မျိုးအတွက် ပြင်ဆင်ရန် လိုအပ်ပါတယ်။

  1. အရေးပေါ်မကျရောက်မီအတွက် ပြင်ဆင်ခြင်း။

  2. အရေးပေါ်ကျရောက်စဉ်အတွက် ပြင်ဆင်ခြင်း။

  3. အရေးပေါ်ကျရောက်ပြီးနောက်အတွက် ပြင်ဆင်ခြင်းတို့ ဖြစ်ပါတယ်။

အရေးပေါ်မကျရောက်မီအတွက် ပြင်ဆင်ခြင်း ( ဒေတာများအား သိမ်းဆည်းခြင်း)

  • အရေးကြီးသည့်အချက်တစ်ချက်ကတော့ ကိုယ်ပိုင်ဆိုင်တဲ့ အချက်အလက်တွေကို သိရှိခြင်းဖြစ်ပါတယ်။

  • ပိုင်ဆိုင်သော ဒေတာများကို မည်သည့်နေရာများတွင် သိမ်းဆည်းထားသည်ကို သိရှိအောင်ကြည့်ရှုထားပါ။

  • ပိုင်ဆိုင်သောဒေတာများကို ထိရှလွယ်သောဒေတာနှင့် ထိရှမလွယ်သောဒေတာ အဖြစ် ခွဲထုတ်ပါ။

ထိရှလွယ်သောဒေတာများကို လုံခြုံသော နေရာတစ်ခုတွင် သိမ်းဆည်းထားသင့်သည်။ အင်တာနက်ရရှိပါက ဒေတာများကို Google Grive ကဲ့သို့ Cloud Stroage တစ်ခုခုထဲသို့ ပြောင်းလဲသိမ်းဆည်းသင့်ပါသည်။ သိမ်းဆည်းပြီးနောက် အကောင့်ကို Logout ထွက်ထားပါက ဒေတာများကို ရှာဖွေတွေ့ရှိနိုင်မှာ မဟုတ်ပါဘူး။

သိမ်းဆည်းထားသည့် အကောင့်ရဲ့ အချက်အလက်တွေကို သေချာစွာ သိမ်းဆည်းထားပါ။ အလွယ်တကူမြင်တွေ့နိုင်တဲ့ Note တို့၊ စာအုပ်တို့ထဲမှာ မမှတ်ထားပဲ ဝှက်စာစနစ်နဲ့ ကာကွယ်ထားပေးနိုင်တဲ့ Password Manager စသည်တို့ကို အသုံးပြုနိုင်ပါသည်။

အင်တာနက် မရရှိပါက ဒေတာများကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်တဲ့ နေရာမျိုးမှာထားပါ။ ဖုန်းတွေမှာဆိုရင် Datshin ၊ MMReporter တို့လို ဝှက်စာစနစ်နဲ့ ကာကွယ်ပေးထားပြီး စကားဝှက်ကို PIN အမှန်သိမှသာ ပြန်ဝင်နိုင်တဲ့ Application တွေထဲကို ထည့်သွင်းသိမ်းဆည်းထားနိုင်ပါသည်။

ကွန်ပျူတာတွေမှာဆိုရင် VeraCrypt ၊ BitLocker တို့ကို အသုံးပြုနိုင်ပါသည်။ ဖုန်း နဲ့ ကွန်ပျူတာတွေရဲ့ စကားဝှက် ကိုတောင်းလေ့ရှိတာကြောင့် ဖွင့်ပေးရရင်တောင် ရှာလို့မရအောင် သိမ်းဆည်းထားသင့်ပါသည်။ အဆင်ပြေရင်တော့ စက်ပစ္စည်းကိုကိုယ်တိုင် လုံခြုံရာနေရာမှာ ဖွက်ထားတာ၊ ရွေ့ပြောင်းတာ လုပ်နိုင်ပါတယ်။ ဒေတာများကို ကိုယ်နဲ့ မနီးမဝေးမှာသာ ထားတာက ပိုစိတ်ချရသောကြောင့် အင်တာနက်ရရှိတယ်ဆိုရင်တော့ ဒေတာတွေကို Cloud ထဲမှာသာ သိမ်းဆည်းဖို့ တိုက်တွန်းအားပေးပါတယ်။

ဒေတာများအား ဖျက်ဆီးခြင်း

အချက်အလက်တွေကို ဖျက်ဆီးရာမှာလည်း ပြန်လည်ဆယ်ယူနိုင်တယ်ဆိုတာကို သိရှိထားသင့်ပါတယ်။ အချက်အလက်များဟာ ဖုန်း၊ကွန်ပျူတာမှာ ဖျက်ဆီးလိုက်ပေမယ့် တကယ်တော့ ဒေတာတွေကို တခြားပုံစံတွေအဖြစ် ပြောင်းလဲလိုက်တာပါ။ ဖြဲလိုက်တဲ့ စက္ကူကို တိပ်နဲ့ အပိုင်းပိုင်း ပြန်ကပ်သလို ဖျက်ဆီးလိုက်တဲ့ ဒေတာဟာလည်း Software တွေ၊ စက်ပစ္စည်းတွေနဲ့ ပြန်လည်ဆယ်ယူပါက ရရှိနိုင်ပါတယ် ဆိုတာကို သိရှိထားရပါမည်။

ဖုန်းထဲက အချက်အလက်တွေကို သိမ်းဆည်းဖျက်ဆီးရာမှာ ဒေတာတွေကို ပြန်လည်ဆယ်လို့မရနိုင်အောင်အတွက်ဆိုရင် Shreddit လို ပြန်ဆယ်လို့မရနိုင်အောင် ဖျက်ဆီးပေးနိုင်တဲ့ File Shredder Application တွေကိုသုံးနိုင်ပါတယ်။ ရိုးရိုးဖုန်းထဲ သို့မဟုတ် ကွန်ပျူတာထဲက ပုံတွေ၊ ဗီဒီယိုတွေ ဖျက်ရင်လည်း တန်းမပျက်သွားသေးပဲ Recycle Bin တို့ Trash တို့ထဲမှာ ရက်ပေါင်း ၃၀ လောက် ဆက်လက်ရှိနေသေးတတ်ပါတယ် ဒါကြောင့် ဖျက်ပြီဆိုရင် Recycle Bin ထဲကိုပါ ဝင်ဖျက်ပေးဖို့လိုအပ်ပါတယ်။

ဆက်သွယ်ရေးဆိုင်ရာ Application များ

Chat ထဲမှာ ပြောထားသောစကားများဟာလည်း ဒေတာများဖြစ်ပါတယ်၊ မမြင်တွေ့စေလိုတဲ့ အကြောင်းအရာတွေရှိတယ်ဆိုရင် Chat တွေကို ကြိုတင်ရှင်းလင်းထားသင့်ပါတယ်။ Message တွေဖျက်တဲ့အခါ သူ့ဘက်၊ကိုယ့်ဘက် ပျက်အောင် ဖျက်လို့ရတဲ့ Chat Application တွေဆိုရင် ပိုမိုအဆင်ပြေပါတယ်။

Chat ကတဆင့် အရေးကြီးအကြောင်းအရာတွေပြောဆိုပြီ ဆိုရင်တော့ မှတ်တမ်းမကျန်နိုင်အောင် Disappearing Message ကို မဖြစ်မနေ အသုံးပြုသင့်ပါတယ်။ ဒါဟာ ပြောထားတဲ့ အကြောင်းအရာတွေကို နေ့စဉ် သို့မဟုတ် ပုံမှန် ရှင်းလင်းပေးနေရာကျဖြစ်ပြီး သတင်းအချက်အလက်ပေါက်ကြားမှုကို ပေးပို့သူ၊ လက်ခံသူ ဘက်ကပါ ကာကွယ်နိုင်ပါတယ်။

ဒေတာတွေကို မဆုံးရှုံးရအောင် သိမ်းဆည်းထားဖို့ လိုအပ်တဲ့ အချက်အလက်တွေကို Online or Offline သိမ်းဆည်းပြီးမှသာ ဖျက်ဆီးသင့်ပါတယ်။ Signal, Viber, Whatapps, ဆိုရင် Application ဖျက်လိုက်ချိန်မှာ ပြောဆိုထားတဲ့ Chat တွေကို မဆုံးရှုံးရအောင် Chat ကို Backup လုပ်ထားနိုင်သလို Encrypted Backup အဖြစ်လည်း Backup လုပ်ထားနိုင်ပါတယ်။

အရေးပေါ်ကျရောက်စဉ်အတွက် ပြင်ဆင်ခြင်း။

ဒေတာတွေကို နားလည်ပြီး သိမ်းဆည်းတာ၊ ဖျက်ဆီးတာ ပြုလုပ်ပြီးပြီဆိုရင်တော့ အရေးပေါ်ကျရောက်ပြီအခြေအနေအတွက် ပြင်ဆင်နိုင်ပါပြီ။ အရေးပေါ်အခြေအနေ ကြုံတွေ့ရချိန်မှာ ဒေတာတွေကို သိမ်းဆည်းဖို့၊ ဖျက်ဆီးဖို့အတွက် အချိန်များကြီးရရှိိနိုင်ဖို့ အခွင့်အရေးနည်းပါးပါတယ်။

ကိုယ့်ကို ပစ်မှတ်ထားလာရောက်ဖမ်းဆီးတဲ့ အခြေအနေ နဲ့ ရှောင်တခင်စစ်ဆေးခံရတဲ့ အခြေအနေ နှစ်မျိုးအရာ ရရှိတဲ့ အချိန်ပမာဏလည်း ကွာခြားနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုအခြေအနေအတွက်ဖြစ်ဖြစ် ဒေတာတွေကို ကြိုတင်သိမ်းဆည်းထားတာ၊ ဖျက်ဆီးထားတာ နဲ့ နေ့စဉ်အလေ့အကျင့်ရရှိပြီးသား ဖြစ်နေဖို့လိုအပ်ပါတယ်။

ဒေတာတွေသိမ်းဆည်းထားတဲ့ အကောင့်ကို လိုအပ်မှသာ အကောင့်ဝင်ရောက် အသုံးပြုတာမျိုးလုပ်သင့်ပြီး အကောင့်ကို ဖုန်း၊ ကွန်ပျူတာတွေထဲမှာ ဝင်ရောက်ထားတဲ့ အကောင့်တွေကို အကုန်ထွက်သွားစေမယ့် Browser ရဲ့ Private Window ကိုအသုံးပြုသင့်ပါတယ်။ တစ်စုံတစ်ခု ကြုံရပါက Windown ပိတ်ချလိုက်ရုံနဲ့ Browser အတွင်းသိမ်းဆည်းထားတဲ့ အချက်အလက်တွေနဲ့ မှတ်တမ်းတွေကို ရှင်းလင်းပေးဖြစ်နေမှာပါ။ ဒါကြောင့် Windown ပိတ်ချလိုက်ရုံ Window Shutdown ဖြစ်သွားစေဖို့ မိမိရဲ့ ကွန်ပျူတာကိုလည်း ကြိုတင် Setting ချိန်ညှိထားဖို့လိုအပ်ပါသည်။

ဖုန်း သို့မဟုတ် ကွန်ပျူတာထဲမှာ ထိရှလွယ်တဲ့ အချက်အလက်တွေ ကျန်ရှိနေသေးတာ၊ မရှင်းလင်းရသေးတဲ့ အခြေအနေမှာ အကောင်းဆုံးလုပ်နိုင်တာကတော့ Reset ချခြင်းပါပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ဖုန်း သို့မဟုတ် ကိုယ့်ကွန်ပျူတာကို Reset ချနိုင်တဲ့ Setting ကို အမြန်သွားရောက်နိုင်အောင် ကြိုတင်ရှာဖွေထားဖို့လိုအပ်ပါတယ်။

အချိန်တွက်ချက်နိုင်အောင် Reset ချပါ စက်ပြန်ပွင့်ဖို့ မည်မျှကြာမြင့်နိုင်ကြောင်း ကြိုတင်လေ့လာထားပါ၊ ရရှိတဲ့ အချိန်နည်းပါက ဖုန်း သို့မဟုတ် ကွန်ပျူတာကို ရေထဲ နှစ်လိုက်တာ သို့မဟုတ် ထုချေလွှင့်ပစ်လိုက်တာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ လမ်းမှာ ရုတ်တရက် စစ်ဆေးရေးနဲ့ တိုးပါကလည်း ကိုယ့်အလှည့်မရောက်ခင်မှာ ဖုန်းကို စွန့်ပစ်လိုက်တာ၊ ဆင်းကဒ်ကို ချိုးပစ်တာမျိုးကိုလည်း ပြုလုပ်နိုင်ပါတယ်။

ကိုယ်ကိုတိုင်ပြုလုပ်နိုင်ဖို့ အချိန်နည်းပါးတဲ့အခြေအနေအတွက် စိတ်ချရသည့် မိတ်ဆွေများနှင့် Buddy System တစ်ခုပြုလုပ်ထားသင့်ပါတယ် ( အဖွဲ့အစည်းဆိုရင် (BYOD)Bring your own devices စနစ်ကို အသုံးပြုသင့်ပါသည်)

Google ရဲ့ Find My Device သို့မဟုတ် Apple ရဲ့ Find My မှတဆင့် ဖုန်း သို့မဟုတ် ကွန်ပျူတာကို အဝေးမှ လှမ်း၍ တည်နေရာကြည့်ရှုတာ၊ စက်အတွင်းရှိ အချက်အလက်များအား ဖျက်ဆီးပစ်တာမျိုး ပြုလုပ်နိုင်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် ကြိုတင်ကာ အကောင့်အချက်အလက်များကို မိတ်ဆွေကို မျှဝေထားခြင်းသော်လည်းကောင်း ကိုယ့်ဖုန်းမှာ Find My Device Applicatoin အကောင့်ကိုဝင်ထားပြီး အရေးပေါ်အခြေအနေကြုံရသည့်အခါ စီစဉ်ထားသည့် နည်းလမ်းတစ်ခုခု ဖြင့် အသိပေးကာ ဖုန်း သို့မဟုတ် ကွန်ပျူတာထဲက အချက်အလက်တွေကို ရှင်းလင်းပေးနိုင်ပါတယ်။

Find My Device အကြောင်းကို ဒီလင့်မှာ ပြန်လည်လေ့လာနိုင်ပါတယ်။

https://digitalsecinfo.com/find-my-device

အရေးပေါ်ကျရောက်ပြီးနောက်အတွက် ပြင်ဆင်ခြင်း

အရေးပေါ်အခြေအနေကို ကျော်လွန်သွားတဲ့အခါ သိမ်းဆည်းထားသည့် အချက်အလက်များကို ပြန်လည်ရယူနိုင်ဖို့အတွက် အကောင့်အချက်အလက်များ၊ နှစ်ဆင့်ခံလုံခြုံရေးကုဒ်များ လိုအပ်ပါတယ်။ အကောင့်အချက်အလက်များကို Password Manager ဖြင့် သိမ်းဆည်းထားပြီး ဖိုင်ကို စိတ်ချရပြီး ပြန်လည်ရယူနိုင်မည့် တစ်နေရာမှာ ကြိုတင်သိမ်းဆည်းထားပါ။

ဆင်းကဒ်ပျက်ဆီးသွားခြင်း၊ ဖုန်းပျက်ဆီးသွားခြင်းတို့ကြောင့် နှစ်ဆင့်ခံလုံခြုံရေးကုဒ်ကို ဆင်းကဒ်နဲ့ Authenticator App တို့ကနေ ရယူနိုင်ဖို့ အခွင့်အလမ်းနည်းလွန်းလှပါတယ်။ ထို့ကြောင့် Backup Code or Recovery Code များကိုလည်း ကြိုတင်ကာ သိမ်းဆည်းထားဖို့အထူးလိုအပ်ပါတယ် ဒါမှသာ အကောင့်ပြန်လည်ဝင်ရောက်ရာမှာ အဆင်ပြေမည်ဖြစ်သည်။

အခြေအနေကို ကျော်လွန်ပြီးဖြစ်ကြောင်း မိတ်ဆွေများကို အသိပေးပြီး နောက်ပိုင်း လိုအပ်သည့် လုပ်ဆောင်မှုများ၊ ပြန်လည်ချိန်ညှိရမည်များကို ဆောင်ရွက်နိုင်ပါတယ်။ အရေးပေါ်အခြေအနေများအတွက် အကောင်းဆုံးဆောင်ရွက်ခြင်းဟာ ကြိုတင်ပြင်ဆင်ခြင်းပါပဲ။ ပုံမှန်ဒေတာများကို စီစစ်သည့် အလေ့အထတွေကို တဖြည်းဖြည်းမွေးမြူသွားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ဒစ်ဂျစ်တယ်လုံခြုံရေးဆိုတာ စက်ဘီး ချိန်းကြိုးတွေလိုပါပဲ။ ချိန်းဆက်တစ်ခုပြတ်တာနဲ့ စက်ဘီးတစ်စီးလုံး ဒုက္ခ ရောက်ရတာပဲ မဟုတ်လား၊ အားလုံးလုံခြုံတဲ့ အသိုက်အဝန်းပါဖြစ်စေ။

#cctoSpringSecurity #digitalsecinfo

More from this blog

Digital Coup in Myanmar

စစ်ကောင်စီ မတရားအာဏာသိမ်းမှုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ် ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။ မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်တယ်အမှောင်ထ

Mar 22, 20261 min read142
Digital Coup in Myanmar

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေငြာပြီး နောက်မှ ပြည်ပ သို့ မိမိနေထိုင်ရာအရပ်မှ နယ်မြေသစ်တွေကို ထွက်ခွါသူတွေအများအပြားရှိလာပါတယ်။ Immigration ကိုဖြတ်ကျော်ရာမှာ လေဆိပ်မှာဖြစ်ဖြစ် နယ...

May 13, 20252 min read35
တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်းထွက်ခွါရာမှာ လိုအပ်သော ပြင်ဆင်ချက်များ

Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?

𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ? ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်‌နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။ တစ်ချို့က Remote Job ...

Apr 25, 20253 min read25
Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?
D

digitalsecinfo

83 posts

Digital Security အစရှိတဲ့ နည်းပညာများအပြင် Feb 1, 2021 ခုနှစ် စစ်တပ်အာဏာစသိမ်းချိန်ကစပြီး လက်ရှိအချိန်ထိ Digital အခွင့်အရေးချိုးဖောက်ခံရမှုတွေကို တစုတစည်းတည်းလေ့လာနိုင်ရန်မျှဝေပေးမယ့် Blog ပဲဖြစ်ပါတယ်