Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.
𝗣𝘂𝗯𝗹𝗶𝗰 𝗪𝗶𝗳𝗶 တွေကို ဘာကြောင့် အလွယ်မသုံးသင့်တာလဲ ?
ယနေ့လို Digital ခေတ်ကြီးထဲမှာ ကျွန်တော်တို့လူသားတွေအတွက် အင်တာနက်ဆိုတာက မရှိမဖြစ် လိုအပ်နေတဲ့အရာတစ်ခုဖြစ်နေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသုံးပြုပုံခြင်းတော့ မတူညီကြပါဘူး။
တစ်ချို့က Remote Job အနေနဲ့လုပ်နေရလို့၊ တစ်ချို့က Digital Marketing အတွက် ၊ Online Shop အတွက် ၊ Game ဆော့ဖို့အတွက် ၊ Social Media အသုံးပြုဖို့အတွက် စသဖြင့် အင်တာနက်ကို တစ်ယောက်တစ်မျိုးစီ လိုအပ်ကြပါတယ်။
ဒီလိုအင်တာနက်ကို သုံးစွဲဖို့အတွက်လိုအပ်တဲ့အခါ Mobile Data တစ်မျိုးတည်းကို အားပြုပြီး အသုံးပြုလို့မရပါဘူး။ ဘာကြောင့်လဲဆိုတာတော့ အားလုံးလဲသိကြတဲ့အတိုင်းပါပဲ Mobile Data တွေရဲ့ ဈေးနှုန်းက ကြီးမြင့်လာတာလည်းပါဝင်လာတော့ ဈေးနှုန်းသက်သာပြီး ရေရှည်အဆင်ပြေနိုင်ဖို့အတွက် Wifi တွေကို တပ်ဆင်အသုံးပြုလာကြပါတယ်။ အိမ်မှာဆိုလဲ Wifi နဲ့ အပြင်ကို မုန့်လေးဘာလေးသွားစားမယ်ဆိုရင်တောင် Wifi ရှိတဲ့ ဆိုင်လေးမှထိုင်ချင်ကြပါတယ်။
𝗪𝗶𝗳𝗶 သုံးတာက ပြဿနာလား? Wifi သုံးတာကတော့ ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်သုံးတဲ့ Wifi က လုံခြုံမှုမရှိရင်တော့ ပြဿနာတွေနဲ့ ကြုံတွေ့ရမှာအသေအချာပါပဲ။ အထူးသဖြင့် Wifi Free ပေးထားပြီး လူတိုင်း၀င်သုံးလို့ရနေတဲ့ Wifi မျိုးဆို ပိုပြီးကြောက်ဖို့ကောင်းပါတယ်။ ဒီနေရာမှာ Public Wifi တွေက ဘာကြောင့် ကြောက်ဖို့ကောင်းတာလဲဆိုတာကို မပြောခင် စိတ်၀င်စားဖို့ကောင်းတဲ့ စစ်တမ်းကောက်ယူထားတဲ့ အချက်အလက်လေးတစ်ခုကိုပြောပြပေးပါ့မယ်။
35% သောလူတွေက တစ်လမှာ Public Wifi တွေကို အနည်းဆုံး (၃) ကြိမ်ကနေ (၄)ကြိမ်အထိ အသုံးပြုကြပါတယ်။
23% သောလူတွေက Mobile Data အသုံးပြုမှုကို လျှော့ချဖို့အတွက် Public Wifi တွေကို အသုံးပြုကြပါတယ်။
20% သောလူတွေက Public Wifi ကို အသုံးပြုပြီး ငွေကြေးလွှဲပြောင်းခြင်း(Online Banking ၊ Online Payment.,etc) ကိစ္စတွေကို ဆောင်ရွက်ကြပါတယ်။
Public Wifi တွေကို အများဆုံးရယူသုံးစွဲကြတဲ့နေရာတွေကတော့ ဟိုတယ်တွေနဲ့ စားသောက်ဆိုင်တွေမှာဖြစ်ပါတယ်။
Public Wifi ကို အသုံးပြုတဲ့ လူ(၁၀)ဦးမှာ (၄)ဦးက သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ခိုးယူခြင်းခံရပါတယ်။ ကိုယ်ရေးအချက်အလက်တွေကို အများဆုံးခိုးယူခံရတဲ့ Public Wifi တွေကတော့ လေဆိပ် ၊ စားသောက်ဆိုင်နဲ့ အဝေးပြေးကားကွင်းတွေမှာဖြစ်ပါတယ်။
Public Wifi ကိုအသုံးပြုသူတွေရဲ့ 5% လောက်ကသာ Public Wifi တွေက အန္တရာယ်ရှိတယ်ဆိုတာကို သိကြပါတယ်။
အပေါ်မှာ ပြောပြသွားတဲ့ အချက်(၆)ချက်က တစ်ကမ္ဘာလုံးဆိုင်ရာ Public Wifi အသုံးပြုသူတွေကို စစ်တမ်းကောက်ယူရရှိမှု့တချို့ရဲ့ အချက်အလက်တွေဖြစ်ပါတယ်။
Public Wi-Fi ကို ဘယ်လိုလုံခြုံအောင်သုံးကြမလဲ?
အိမ်က wifi ကိုအသုံးပြုတာက သိပ်တော့ပြဿနာတော့မရှိပါဘူး။ အလွယ်တကူချိတ်ဆက်လို့ရပြီး သူစိမ်းတွေလည်းအသုံးပြုမှာမဟုတ်တဲ့အတွက်ကြောင့် လုံခြုံစိတ်ချမှုရှိပါတယ်။ ဒါပေမယ့်လည်း အများပြည်သူသုံး wifi (public wifi) ကိုအသုံးပြုမယ်ဆိုရင်တော့ လုံခြုံရေးအရ စိုးရိမ်စရာရှိပါတယ်။ ပြောရရင်တော့ public wifi ကို မသမာသူတွေအကြိုက်တွေ့ကြပါတယ်။ ဒါ့ကြောင့် public wifi အသုံးပြုမယ့်သူတွေအတွက် လုံခြုံစိတ်ချစွာအသုံးပြုနိုင်အောင် ပြောပြပေးသွားမှာဖြစ်ပါတယ်။Wi-Fi network နောက်မှာ တစ်ဦးဦး ရှိနိုင်တာမို့ သတိထားရမယ့် အချက်တွေကို မျှဝေလိုက်ပါတယ်။
HTTPS : HTTP နှင့်သာစတဲ့ ဝက်ဘ်ဆိုက်များကို သွားရောက်ပါက Wi-Fi ကို စီမံတဲ့သူတွေမှ အချက်အလက်ကြားဖြတ်ခိုးယူခြင်းများ ကြုံရနိုင်ပါတယ်။ HTTPS ဝန်ဆောင်မှုများသာ အသုံးပြုခြင်းဖြင့် အင်တာနက်တွင် မိမိသွားလာရာနေရာများကို Domain နာမည်မှလွဲ၍ တခြားမသိရနိုင်ပါ။ သင်ဝင်ကြည့်နေတဲ့ Website က unencrypted HTTP connection ကို အသုံးပြုထားတယ်ဆိုရင် browsersတော်တော်များများက Search bar / Url ရဲ့ဘေး မှာ Not Secure ဆိုပြီး သတိပေးထားပါတယ်။ ဒါကြောင့်သင်websiteတစ်ခုကိုဝင်ကြည့်တော့မယ်ဆိုရင် HTTPS ကိုအသုံးပြုတဲ့ Website ဖြစ်ကြောင်းအရင်စစ်ဆေးသင့်ပါတယ်။
Secure Browser : Public Wi-Fi များ အသုံးပြုရာမှာ စိတ်ချယုံကြည်ရတဲ့ Browser တွေကို အသုံးပြုခြင်းဖြင့် HTTP နဲ့ စတဲ့ စိတ်မချရတဲ့ ဝက်ဘ်ဆိုက်တွေကို သွားမိရာမှာ သတိပေးမှုပြုတတ်တာကြောင့် သတိထားဆင်ခြင်နိုင်ပါတယ်။ Firefox နဲ့ Brave Browser တို့ကတော့ စိတ်ချရတဲ့ Browser တွေထဲမှာ ပါဝင်ပါတယ်။ ဘယ် browser ပဲဖြစ် ဖြစ် သင်လုပ်သမျှကို မသိစေချင်ဘူးဆိုရင်၊ သို့မဟုတ် သင်ဝင်ကြည့်မည့် ဝက်ဆိုဒ်များက သင်အချက်အလက်တွေကို ထောက်လှမ်းမည့် cookies များကို အလိုမရှိဘူးဆိုပါက Private Browsing Experience ကို ရစေမည့် Private Mode ဖြစ်သော Incognito Mode ကို အသုံးပြုနိုင်ပါသည်။
VPN: Public Wi-Fi များ အသုံးပြုရာမှာ VPN ကိုအသုံးပြုပါ၊ VPN တစ်ခုခံသုံးခြင်းကအလုံခြုံဆုံးပါပဲ။ VPN တွေက ၁၀၀ % တော့မလုံခြုံပေမယ့် သင့်ရဲ့ Personal data / privacy ကိုကာကွယ်ပေးနိုင်ပါတယ်။ သူတို့ ရဲ့ network ကိုဖြတ်သန်းသွားသော အချက်အလက်များကို encrypt လုပ်ပြီး သင့်ရဲ့ Device ကို လုံခြုံတဲ့ Server မှာလှမ်းချိတ်ပေးတာကြောင့် သင်နဲ့ Connection တစ်ခုထဲမှာရှိတဲ့ မသမာသူတွေအတွက် သင့်ရဲ့ data ကိုခိုးယူဖို့/ Spy လုပ်ဖို့ခက်ခဲသွားပါမယ်။ ဒါကြောင့် Public Wifiတွေအသုံးပြုတဲ့အခါမှာ VPN တစ်ခုခု ခံသုံးခြင်းဟာ သင်နဲ့ Connection တူတဲ့သူများထံမှ လုံခြုံစေပါတယ်။
Don’t share sensitive data while using public free wifi : (Free Wi-fi သုံးနေချိန် သင့်ရဲ့ အရေးကြီး data တွေကို မ share မိပါစေနှင့်) Public wifi သုံးနေတဲ့ အချိန်မှာ ကိုယ့်ရဲ့ အရေးကြီးတဲ့ ဒေတာ တွေ ဥပမာ- mobile banking အသုံးပြုတာတွေ ၊ Facebook login ဝင်တာ တွေ ၊ file sharing ပြုလုပ် ခြင်းတွေကို ရှောင်ကြဉ် သင့်ပါတယ်။ မသမာသူ (Hacker) တွေဟာ public wifi လို နေရာ မျိုးမှာ Netstumbler, Aircrack-ng စတဲ့ Wi-fi hacking tool တွေသုံးပြီး user တွေရဲ့ password တွေ Data တွေကို အလွယ်တကူ ရယူနိုင်ပါတယ်။ တကယ် လို့ urgent အနေနဲ့ file sharing လုပ်ဖို့ လိုအပ်လာပြီ၊ ph bill လဲ မရှိဘူး၊ public Wi-fi ကနေပဲ share ရတော့ မယ် ဆိုရင် VPN app ကို အသုံး ပြုပြီး file sharing ပြုလုပ်နိုင်ပါတယ်။
2FA : 2 Factor Authentication ဆိုတာကတော့ ကိုယ့်ရဲ့ အကောင့်တွေကို ပိုမိုလုံခြုံမှုရှိအောင်၊ ကိုယ့်ရဲ့ password ကို မသမာသူက မတော်တဆ သိသွားခဲ့ရင်တောင် ထပ်ဆင့် ကာကွယ်မှုရရှိနိုင်အောင် ပြုလုပ်သင့်တဲ့အဆင့်တစ်ခုဖြစ်ပါတယ်။ ပုံမှန်အားဖြင့် 2 Factor Authentication နဲ့ ကိုယ့် account ကို လုံခြုံရေးအဆင့် တိုးမြှင့်ထားမယ်ဆိုရင် ကိုယ့်ရဲ့ account ထဲကို Log in ဝင်တဲ့အခါမှာ password အပြင် ကုဒ်နံပတ်တစ်ခုကိုပါ ထပ်ဆင့်ခံထားတာပဲဖြစ်ပါတယ်။ ဒီကုဒ်နံပတ်ကိုပါ မှန်ကန်အောင် ထည့်နိုင်မှ ကိုယ့်ရဲ့သက်ဆိုင်ရာ account ထဲကို ဝင်လို့ရသွားမှာဖြစ်ပါတယ်။
သင်အမြဲသိထားသင့်တာက ဘယ် Public Wifi မှလုံခြုံတယ်ဆိုတာမရှိပါဘူး … Public wifi တွေကို သင်အသုံးပြုတဲ့အခါ အမြဲသတိနဲ့သုံးစေချင်ပါတယ်… ဒီလောက်ပါပဲ။
#digitalsecinfo





