Electronic Identity

I am a volunteer for civil society organizations (CSOs) aimed at improving their digital security and safe office operations.
E-ID လိုခေါ်တဲ့ Electronic Identity ဆိုတာဘာလဲ?
Biometric Data ဆိုတာဘာလဲ?
Biographic Data ဆိုတာကရောဘာတွေလဲ?
စစ်ကောင်စီဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူတွေရဲ့ ဇီဝအချက်အလက်တွေကို ကောက်ယူဖို့ ကြိုးစားနေပြီး တိုင်းဒေသကြီးတစ်ချို့မှာ စတင်အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။ e -ID ဆိုတဲ့ e-Government ဖြစ်ချင်တဲ့ အိပ်မက်ဟာ စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှစလာတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ အရပ်သားအစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဇွန်လမှာ e-ID ကောက်ခံရေးကော်မတီကို စတင်ဖွဲ့စည်းခဲ့ပြီး မြို့နယ်တစ်ချို့မှ ပြည်သူတွေကို ဇီဝအချက်အလက်တွေကို စမ်းသပ်ကောက်ခဲ့ပါတယ်။ နိုင်ငံအတွင်းနေထိုင်သူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေနဲ့ ဇီဝအချက်အလက်တွေကို ကောက်ယူပြီး ကိုယ်ပိုင်နံပတ်တွေထုတ်ပေးကာ ဒီမတူကွဲပြားတဲ့ ကိုယ်ပိုင်နံပတ်တွေနဲ့ e-Government Application တွေမှာ ဝင်ရောက်အသုံးပြုသွားနိုင်မယ်လို့ ရည်ရွယ်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြခဲ့ပါတယ်။
User ID Management and Biometric Enrollment System
E-Government ကိုဖော်ဆောင်တဲ့အခါမှာ ပြည်သူပြည်သားတွေရဲ့ Biometric Data , Biographic Data ကောက်ယူခြင်းက E-Government ဖော်ဆောင်ရေးမှာ အခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်ပါတယ်။
E-Government Application တွေဆိုရာမှာ CCTV Network တွေလည်း ပါဝင်ပြီး စောင့်ကြည့်မှုတွေ၊ ခြေရာခံမှုတွေက တစ်ဆင့် မှုခင်းလျော့ကျရေးကို အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
အာဏာသိမ်းပြီးချိန်မှာတော့ ဒီစီမံကိန်းဟာ စစ်ကောင်စီလက်ထဲ ရောက်သွားခဲ့ပြီး ပြည်သူတွေကို ဖိနှပ်အုပ်ချုပ်ဖို့အတွက် အကြောင်းပြချက် အမျိုးမျိုးပေးကာ ဇီဝအချက်အလက် ဆက်လက်ကောက်ခံနေတာပဲ ဖြစ်ပါတယ်။
အချက်အလက်တွေ ကောက်ခံရာမှာ Biographic နဲ့ Biometric ဆိုပြီး နှစ်မျိုးရှိပါတယ်။ Biographic ဆိုတာကတော့ အမည်၊ အသက်၊ မွေးနေ့၊ နေရပ်လိပ်စာ စတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေဖြစ်ပြီး ဒီအချက်အလက်တွေဟာ ရပ်ကွက်အုပ်ချပ်ရေးမှုံးရုံးတွေမှာရှိတဲ့ နေထိုင်သူအချက်အလက်တွေ နဲ့ ဆင်းကဒ်တွေမှတ်ပုံတင်ရာမှာ ပေးထားတဲ့ အချက်အလက်တွေပါဝင်ပါတယ်။ ဒီအချက်အလက်တွေကို စုဆောင်းမှုဟာ အားလုံးပြီးဆုံးပြီလို့ စစ်ကောင်စီက ကြေငြာခဲ့ပြီး အခုဆိုရင်တော့ ဇီဝအချက်အလက်တွေကောက်ခံမှုဘက်ကို ခြေလှမ်းရွေ့လာခဲ့တာဖြစ်ပါတယ်။ Biometric ဇီဝအချက်အလက်ကောက်ခံရာမှာ အမျိုးအစား သုံးမျိုး ပါဝင်မယ်လို့ ဖော်ပြထားပေမယ့် ဘယ်အချက်အလက်တွေဆိုတာမျိုးတော့ တိတိပပ ဖော်ပြထားခြင်းမရှိပါဘူး၊ သို့ပေမယ့် မြေပြင်မှာ ကွင်းဆင်းကောက်ယူမှုဟာ ယခု ၂၀၁၃ ဇူလိုင်လမှာပဲ အရှိန်အဟုန်မြင့်လာတာကိုတွေ့ရပါတယ်။
ကွင်းဆင်းကောက်ယူမှုဓာတ်ပုံတွေအရ လက်ဆယ်ချောင်းလုံးရဲ့ လက်ဗွေရာ၊ မျက်နှာသွင်ပြင် နဲ့ မျက်ကြည်လွှာ တို့ကို ကောက်ခံတာကို တွေ့ရပါတယ်။ ဒီလို ကောက်ခံဖို့အတွက် သင်တန်းပေးတာတွေရှိခဲ့ပြီး ယခုဆိုရင်တော့ ပြည်နယ် နဲ့ တိုင်းတော်တော်များများရဲ့ မြို့နယ်တွေမှာ စတင်ကောက်ခံနေပြီဖြစ်ပါတယ်။ မြို့နယ်ပေါင်း ၈၁ မြို့နယ်ကို ဦးစားပေးကောက်ခံသွားမယ်လို့ သိရပေမယ့် ကောက်ယူသွားမယ့် မြို့နယ်အစဉ်လိုက်ကိုဖော်ပြထားတာမျိုး မရှိပါဘူး။
ဇီဝအချက်အလက်ကောက်ယူရာမှာ အသုံးပြုတဲ့ Enrollment Kit တွေကိုလည်း ပြည်ပမှ ဝယ်ယူထားတယ်လို့ သိရှိရပြီး ဘယ်လိုနည်းပညာတွေကို အသုံးပြုတယ်၊ ကောက်ယူတဲ့ အချက်အလက်တွေကို ဘယ်လို ထိန်းသိမ်းတယ်ဆိုတာမျိုးကိုတော့ ပွင့်လင်းမြင်သာအောင် ထုတ်ပြန်တာမျိုး မရှိပါဘူး။ ဒီလိုစက်ပစ္စည်းတွေနဲ့ ကောက်ယူလို့ ပြီးတဲ့အခါမှာတော့ Unique ID လို့ ခေါ် တဲ့ ကိုယ်ပိုင်နံပတ်ဂဏန်း ၁၀ လုံးကို QR Code တစ်ခုပါတဲ့ စာရွက်တစ်ခု ပြန်ပေးတယ်လို့ သိရှိရပါတယ်။
ဒီလို ကောက်ယူမှုကို ရွေးကောက်ပွဲအတွက် ပြင်ဆင်ချက်တစ်ခုအဖြစ် အသံလွှင့်ပြောဆိုပေမယ့် ဒါဟာ ဖိနှိပ်မှုတစ်ခု၊ စောင့်ကြည့်နိုင်ဖို့အတွက် ပြင်ဆင်မှုတစ်ခုဆိုတာ အားလုံး နားလည်ကြပါတယ်။ မှတ်ပုံတင်အသစ် လို့ ပြောတဲ့ Smart Card ကိုထုတ်ပေး အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။
ဒီလုပ်ရပ်တွေဟာ စစ်ကောင်စီအနေနဲ့ တော်လှန်သူတွေကို စစ်ထုတ်နိုင်ဖို့ ကြိုးပမ်းတဲ့ လုပ်ရပ်တွေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူလူထုတစ်ရပ်လုံးကို မျက်စိဒေါက်ထောက်ကြည့်နေပြီး သူတို့ကို ဆန့်ကျင်သူမှန်သမျှကို ထိုင်ရာမထ သိရှိနိုင်မယ့် နည်းလမ်းလည်းဖြစ်လို့ အရှိန်အဟုန် နဲ့ အကောင်အထည် ဖော်နေခြင်းဖြစ်ပါတယ်။ ဇီဝအချက်အလက် ကောက်ယူရာမှာ စစ်ကောင်စီအနေနဲ့ ကောက်ခံသွားမယ့် လူအမျိုးအစားကို ထုတ်ပြန်ထားတာမျိူးလည်းရှိပါတယ်။
အစိုးရဝန်ထမ်းတွေ၊ သံဃာတွေ၊ ထောင်သားတွေ၊ ကျောင်းသားတွေ ပါဝင်ပြီး တစ်ချို့သော တက္ကသိုလ်တွေမှာလည်း ကောက်ခံမှုပြီးဆုံးပြီဖြစ်ပါတယ်။ ဇီဝအချက်အလက်တွေ ကောက်ယူမှုမစတင်ခင်မှာ ဆင်းကဒ်တွေကို မှတ်ပုံတင်ဖို့ ဖိအားပေးမှုတွေရှိခဲ့ပြီး အချက်အလက်အမှန်အကန်နဲ့ မှတ်ပုံမတင်ပါက ဆင်းကဒ်ကို အထွက်ဖုန်းခေါ်ဆိုမှုတွေကို ပိတ်ပစ်တာ၊ အင်တာနက်အသုံးပြုမှုကို ကန့်သတ်တာနဲ့ နောက်ဆုံး ဆင်းကဒ်တစ်ခုလုံးကို ပိတ်ပစ်တာမျိုးတွေ ရှိပါတယ်။
ကိုယ့်ဒေတာတွေကရော ကောက်ခံဖို့လိုနေသေးတာလား ဒါမှမဟုတ် ရှိနှင့်ပြီးသားလားဆိုတာကလည်း ထည့်သွင်းစဉ်းစားရမယ့်အချက်ပါ။ သေချာတာကတော့ လူဝင်မှုကြီးကြပ်ရေးမှာ အရင်တုန်းက စာအုပ်ကြီးထဲမှာရှိနေတဲ့ ဒေတာတွေက Database ထဲမှာသိမ်းထားပြီးနှင့်တဲ့ အခြေအနေဖြစ်သလို Passport လုပ်တုန်းက ပေးထားခဲ့ရတဲ့ Biometric ဒေတာတွေကလည်း ရှိနှင့်ပြီးသာဖြစ်တယ်ဆိုတဲ့ အခြေအနေအရပ်ရပ်ကို သတိလေးချပ်ဖို့လိုပါလိမ့်မယ်။
စစ်ကောင်စီဟာ မှတ်ပုံတင်ထားတဲ့ ဆင်းကဒ်တွေကိုအချက်အလက်တွေနဲ့ စုဆောင်းထားတဲ့ Database နဲ့ တိုက်ဆိုင်စစ်ဆေးပြီး ဒါမှမဟုတ် မှတ်ပုံမတင်ထားပဲ အသုံးပြုနေတဲ့ ဆင်းကဒ်တွေကို ပိတ်သိမ်းသွားနိုင်ဖို့ အပြင် ဆင်းကဒ်အသုံးပြုပြီး ပြောဆိုဆက်သွယ်မှုတွေမှာ သူတို့ကိုဆန့်ကျင်တဲ့ အပြောအဆို ဆက်သွယ်ပေးပို့ လုပ်ဆောင်မှုတွေရှိလာခဲ့ရင်လည်း ယင်းဆင်းကဒ်ကတစ်ဆင့် ဘဏ်အကောင့် ပိတ်သိမ်းမှုတွေ ပိတ်တာတွေအပြင် ခြေရာခံမှုတွေ၊ ဖမ်းဆီးမှုတွေအထိ ဖြစ်လာနိုင်ပါတယ်။ CCTV စောင့်ကြည့်မှုတွေကနေတစ်ဆင့် CCTV မှတ်တမ်းပုံပါရုပ်ပုံတွေနဲ့ ကိုယ်ရေးကိုယ်တာနဲ့ ဇီဝအချက်အလက်တွေနဲ့ တိုက်ဆိုင် စစ်ဆေးပြီး ဖမ်းဆီးရှာဖွေနိုင်ရန်အတွက်လည်း အကောင်အထည်ဖော်လာနိုင်ချေရှိပါတယ်။ CCTV များအားလည်း လူအများရှိနေနိုင်တဲ့ ပန်းခြံလို၊ မီးပွိုင့်လို Public နေရာတော်တော်များများမှာ တပ်ဆင်ခြင်းလုပ်ငန်းများလုပ်ဆောင်ထားနှင့်ပြီးဖြစ်ပါတယ်။
စစ်ကောင်စီလက်ထဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်ရေးကိုယ်တာ နဲ့ ဇီဝအချက်အလက်တွေစုံလင်အောင် ရရှိသွားပြီဆိုရင်လည်း စောင့်ကြည့်ဖိနှိပ်မှုတွေကို လုပ်ဆောင်ရာမှာ Click တစ်ချက် Keyword တစ်လုံးထဲနဲ့ မြန်ဆန်စွာ ရှာဖွေလာနိုင်မှာဖြစ်ပါတယ်။
ဒါအပြင်ကို နိုင်ငံတွင်းဝန်ဆောင်မှု ကုမ္ပဏီတွေမှာရှိနှင့်ပြီးသား ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို အလွယ်တကူ ကောက်ယူတောင်းခံလာနိုင်ပြီး ဆက်စပ်စောင့်ကြည့်မှုတွေကို ပြုလုပ်လာနိုင်မှာ မလွဲမသေပင်ဖြစ်ပါတယ်။ ဇီဝအချက်အလက်ကောက်ယူရာမှာလည်း ကောက်ယူမှုမှာ ပါဝင်သူ နဲ့ မပါဝင်သူဆိုပြီး ကွဲပြားသွားတဲ့အခါမှာ မပါဝင်သူတွေအနေနဲ့ ထင်းလင်းစွာ ကျန်ရှိနေမှာဖြစ်ပါတယ်။အဝေးရောက်နေသူတွေ နဲ့ အချက်အလက်ပေးဖို့ ငြင်းဆန်သူတွေ အနေနဲ့လည်း စစ်ကောင်စီရဲ့ ပစ်မှတ်ထားမှုကို သိသိသာသာခံရနိုင်ပါတယ်။
အချက်အလက်တွေ စုဆောင်းမှု အားလုံးပြီးဆုံးသွားခဲ့ပြီဆိုရင်တော့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ စောင့်ကြည့်မှုကို အင်နဲ့အားနဲ့ ခံစားရမှာဖြစ်ပါတယ်။ ဒါကို တန်ပြန်နိုင်ဖို့အတွက်တော့ မလိုအပ်တဲ့ နေရာတွေမှာ အချက်အလက်တွေ မပေးမိဖို့ လိုအပ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း မစ်ရှစ်တွေ လုပ်ဆောင်ရာမှာ ကိုယ်ဆိုတာသိသာ စေတာမျိုးတွေကို ထောက်လှမ်းနိုင်ခြင်းမရှိအောင် အလွန်ကို ဂရုစိုက်ဖို့ လိုအပ်လာမယ့် အနေအထားဖြစ်ပါတယ်။
ဒီဒေတာတွေကို စုဆောင်းနေတဲ့ ရည်ရွယ်ချက်နဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို အသေးစိတ်လေးဆွေးနွေးထားတာမို့ ဖတ်ကြည့်ပြီး မျှဝေပေးကြပါဦး။
CC to Spring Security






